Diploma in Research Methodology and Research Ethics (Dip.RMRE) သင်တန်း အမှတ်စဥ် (၁) (၅/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

22/5/2019

  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ Diploma in Research Methodology and Research Ethics (Dip.RMRE) သင်တန်းအမှတ်စဥ် (၁) (၅/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို (၂၂-၅-၂၀၁၉) ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၈း၀၀)နာရီတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် အပန်းဖြေခန်းမ၌ ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် ဖိတ်ကြားထားသော တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ Research & Ethics Committee အဖွဲ့ဝင်များဖြစ်ကြသော ဤတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဘာသာရပ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းဥက္ကဋ္ဌများ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဆေးတက္ကသိုလ်များနှင့် ဆေးဘက်ဆိုင်ရာနှီးနွယ်တက္ကသိုလ်များမှ သင်တန်းတက်ရောက်လာသော ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။ ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာ၌ ယခု ဘွဲ့လွန်ဒီပလိုမာသင်တန်းသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးဘက်ဆိုင်ရာနှီးနွယ် တက္ကသိုလ်များ၊ ဆေးသုတေသနဦးစီးဌာနနှင့် တိုင်းရင်းဆေးတက္ကသိုလ်များမှ သုတေသီများ၊ ဆရာ/ဆရာမများ အတွက် Research Methodology and Research Ethics နှင့် စပ်လျဉ်း၍ သင်ကြား ပို့ချပေးသော ပထမဆုံး ဘွဲ့လွန်ဒီပလိုမာသင်တန်းဖြစ်ကြောင်း၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်နှင့် University of Maryland, Baltimore, USA တို့ ပူးပေါင်းလျှောက်ထား၍ ရရှိခဲ့သော အမေရိကန်နိုင်ငံရှိ NIH Forgaty Grant “International Research Ethics Education and Curriculum Development Award (R25)” စီမံကိန်း၏ ထောက်ပံ့မှုဖြင့် ဖွင့်လှစ်သော ဒီပလိုမာသင်တန်းဖြစ်ကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဆေးပညာရပ် ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်တတ်စေရန်နှင့် သုတေသနကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာတတ်စေရန်၊ မိမိတက္ကသိုလ်၊ မိမိဝန်းကျင်တွင် Research Culture တိုးတက်ဖြစ်ထွန်း လာရာတွင် အထောက်အကူဖြစ်စေရန်တို့ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် University of Maryland, Baltimore မှ Professor Henry Silverman မှ ဤဘွဲ့လွန်ဒီပလိုမာသင်တန်းဖြစ်ပေါ်လာပုံနှင့် သင်ကြားမှုပုံစံများကို ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းကာလာမှာ (၁) နှစ် ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ (၅) ကြိမ်နှင့် လေ့လာသင်ယူမှု များကို အလုပ်ရုံဆွေးနွေးပွဲပုံစံနှင့် အချို့သင်ခန်းစာများကို Online ဖြင့် ပို့ချသွားမည်ဖြစ်ပါသည်။ သင်တန်းသားအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ သုတေသီ၊ ဆရာ/ ဆရာမ စုစုပေါင်း (၂၄) ဦး တက်ရောက်ပါသည်။