ရန်ကုန်ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်မှ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မအူကုန်းဝန်ထမ်းအိမ်ရာဝင်း၌ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

19-09-2025

ကာကွယ်ရေးနှင့် လူမှုရေးဌာနမှ ဆရာ ဆရာမများ၊ ဆေးပညာ တတိယနှစ် (၅/၂၀၂၅) သင်တန်းမှ ကျောင်းသား ကျောင်းသူများသည် စက်တင်ဘာလ ၁၉ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မအူကုန်း သန့်ရှင်းရေးဝန်ထမ်းအိမ်ရာဝင်းတွင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။ ဤလုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာန ဌာနမှူး ဒေါက်တာမြင့်သန်းထွန်းနှင့် ဝန်ထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာနန္ဒဝင်းနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။ ရန်ကုန်ဆေးတက္ကသိုလ်(၁)မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများသည် ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့်ပတ်သက်သည့် သုတေသနပြုလုပ်ခြင်း၊ မိသားစုကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း စသည့် လုပ်ငန်းများကို အကျိုးရှိထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် လက်တွေ့ကျသော ပညာရပ်များကို သင်ယူနိုင်သည့် အခွင့်အရေးများရရှိစေပြီး ကျောင်းသား ကျောင်းသူများအတွက် အဖိုးမဖြတ်နိုင်သော အတွေ့အကြုံများ ဖြစ်စေခဲ့သည်။ ၎င်းအပြင် တက္ကသိုလ်နှင့် ပြည်သူအကြား ခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့သည့်အတွက် အနာဂတ်တွင် ပြည်သူ့ကျန်းမာရေးကဏ္ဍကို ပိုမိုမြှင့်တင်နိုင်ရန် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရသည်။