ကျန်းမာရေးဝန်ကြီးဌာန၊ အောက်ရှိ ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွယ် တက္ကသိုလ်များ၊ တိုင်းရင်းဆေးတက္ကသိုလ် နှင့် ပညာရေးဝန်ကြီးဌာန Naypyitaw State Academy, Faculty of Medicine တို့၌ ပထမနှစ်သင်တန်းသို့တက်ရောက်ခွင့်ရရှိသော ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ မောင်မယ်သစ်လွင်ကြိုဆိုသည့် အခမ်းအနားအား (၂၀၂၄)ခုနှစ်၊ နိုဝင်ဘာလ(၂၉)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီတွင် (Semi Virtual) စနစ်ဖြင့် ကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ အောက်ရှိ ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွယ် တက္ကသိုလ်များ၊ တိုင်းရင်းဆေးတက္ကသိုလ် နှင့် ပညာရေးဝန်ကြီးဌာန Naypyitaw State Academy, Faculty of Medicine တို့၌ ပထမနှစ်သင်တန်းသို့တက်ရောက်ခွင့်ရရှိသော ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ မောင်မယ်သစ်လွင်ကြိုဆိုသည့် အခမ်းအနားအား (၂၀၂၄)ခုနှစ်၊ နိုဝင်ဘာလ(၂၉)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီတွင် (Semi Virtual) စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားအား ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးပညာ ပုံတူပြု ကျွမ်းကျင်မှု လေ့ကျင့်ရေးနှင့် သုတေသန ဖွံ့ဖြိုးတိုးတက်ရေးဌာန (MSSRC) တွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာတင်ထွန်း၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း)၊ ပါမောက္ခဒေါက်တာဖေသက်ခင်၊ မြန်မာနိုင်ငံဆေးကောင်စီ၊ ဥက္ကဌ၊ ပါမောက္ခ ဒေါက်တာခင်မောင်အေး၊ မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့၊ ဥက္ကဌ၊ ပါမောက္ခဒေါက်တာနေဝင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ဥက္ကဌ၊ ပါမောက္ခဒေါက်တာအေးအောင်၊ ဆေးတက္ကသိုလ်(၁)၊ရန်ကုန်မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ နှင့် ဆေးတက္ကသိုလ်(၁)သို့ တက်ရောက်ခွင့် ရရှိသော သစ်လွင်ကျောင်းသား/ကျောင်းသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ မှ Semi Virtual စနစ် ဖြင့် သစ်လွင်ကျောင်းသား၊ ကျောင်းသူ များအား ကြိုဆို နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီး ဌာနမှ တက္ကသိုလ်များ အနေဖြင့် နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့်ဝသည့် ကျန်းမာရေး လူ့စွမ်းအားစုများကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပါကြောင်း နိုင်ငံတကာ နှင့်ဆက်ဆံ နိုင်သည့် အသိပညာ ရှင်များ ဖြစ်အောင် World Federation of Medical Education (WFME) နှင့် နိုင်ငံတကာ ဆေးကောင်စီအသီးသီး၏ Guide line များနှင့် အညီ အထူးသင်ကြား မွေးထုတ် ပေးလျက် ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့်လည်း၊ ပြည်သူ့ဆေးရုံကြီးများ၊ ဓါတ်ခွဲခန်းများအား အဆင့်မြှင့်တင် ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်မှလည်း အပြည့်အဝဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ဆေးပညာသည် ဆရာဝန်ဘဝတစ်လျှောက်စဉ်ဆက်မပြတ် လေ့လာသွားရမည့် Continuing professional development ဖြစ်ကြောင်း၊ မောင်မယ်တို့အနေဖြင့် မိမိလုပ်ဖော်ကိုင်ဖက်များအား ညီရင်းအကိုမောင်နှစ်မကဲ့သို့ ချစ်ခင်ရင်းနှီးဖို့လိုကြောင်း၊ လူနာ၊ လူနာနှင့်ပတ်သက် သည့်အသိုင်းအဝိုင်း ကိုလည်း မိသားစုသဖွယ်ဆက်ဆံနိုင်ဖို့လိုကြောင်း၊ Professional အချင်းချင်းနှင့် အခြား Professional များနှင့်ဆက်ဆံရာတွင် အပြန်အလှန် လေးစား ဆက်ဆံရမည်ဖြစ်ကြောင်း၊ နိဂုံးချုပ် အနေဖြင့် ကောင်းမွန်သည့်ခံယူချက်များ၊ အမူ အကျင့်များ၊ စိတ်နေသဘောထားများ မွေးမြူ၍ ပညာရှာမှီးရင်း၊ ဆေးပညာရှင်များ စောင့်ထိန်းရမည့်ကျင့်ဝတ်များပြည့်စုံရန်နှင့် နိုင်ငံတော်အပေါ် ကျေးဇူးသိတတ်သည့် ပညာရှင်ကောင်းများ၊ သမားကောင်းများဖြစ်ရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

၎င်းနောက် မြန်မာနိုင်ငံဆေးကောင်စီဥက္ကဌ၊ ပါမောက္ခဒေါက်တာခင်မောင်အေးမှ ပြောကြားရာတွင် ဆေးပညာနှင့် ဆေးပညာနှီးနွယ် ဘာသာရပ်များ သည် လူတစ်ဦး၏ အသက်နှင့်သက်ဆိုင်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ် ဖြစ်ပါကြောင်း၊ သို့ပါ၍ ပညာသင်ကြားချိန်မှစ၍၊ ဆေးပညာကျင့်ဝတ်ကိုကောင်းစွာ နားလည်သဘောပေါက်ပြီး သင်တန်းပြီးမြောက်၍ လုပ်ငန်းခွင်ဝင်သည့် အချိန်တွင်လည်းလိုက်နာကျင့်သုံးရမည် ဖြစ်သောကြောင့် အခါအားလျော်စွာ ဆေးပညာကျင့်ဝတ်(Ethics) အကြောင်းကို အဓိက မှာကြားလိုကြောင်း၊ လူနာများအား လေးလေးစားစားဆက်ဆံရမည့်အပြင် ၎င်းတို့၏ ဂုဏ်သိက္ခာပိုင်းကို အလေးထားရမည်ဖြစ်ကြောင်း၊ ပညာရပ်ဆိုင်ရာ အရည်အသွေးအားဖြင့် ပြည့်စုံသည့်အပြင် Attitude အကျင့်ကောင်းများ (Attitude) ဖြင့် လူနာတို့အား ပြုစုကုသပေးကြရမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာတင်ထွန်း မှာအမှာစကားပြောကြားရာတွင် တက္ကသိုလ်ပညာဆည်းပူးရာတွင် စာပေပညာသာမက အဖက်ဖက်မှ ဖွံဖြိုးတိုးတက်ပြီး အတွေးအခေါ်နှင့် အကျင့်ကောင်းများ မွေးမြူသွားရန် လိုအပ်ကြောင်းပြောကြားပြီး ဆေးတက္ကသိုလ်(၁)၊ ပါမောက္ခချုပ်၊ ဒေါက်တာကျော်ရွှေမှ သစ်လွင် ကျောင်းသား/သူများအားတက္ကသိုလ်၏သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် ထားရှိရမည့် စိတ်နေသဘောထားများကို မှာကြား၍ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါကြောင်း သတင်း ရရှိပါသည်။