um1_bnr

သတင်းအချက်အလက်နှင့် နည်းပညာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ

သတင်းအချက်အလက်နှင့် နည်းပညာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ

ယနေ့ သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာ (Information Communication Technology) သည် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသည်နှင့်အမျှ လူသားတို့၏ ဦးတည်ချက်အမျိုးမျိုးဖြင့် လုပ်ဆောင်လျက်ရှိကြသော ဆောင်ရွက်ချက်များကိုလည်း လျှင်မြန်စွာဖြင့် ပြီးမြောက်စေလျက်ရှိသည်။ Information and Communication Technology (ICT) platform သည် အချက်အလက်များ ပေးပို့ခြင်းကို လျှင်မြန်စေသော platform တစ်ခုသာဖြစ်ရာ မည်သည့်အချက်အလက်များ မည်သို့ စီးဆင်းသည်ပေါ်မူတည်၍ နိုင်ငံသားတို့အတွက် အရှုံးအမြတ်တို့ ဖြစ်ပေါ်လျက်ရှိသည်။ နည်းပညာတိုးတက်လာသော်လည်း အသုံးပြုသူနိုင်ငံသားတို့၏ ICT နည်းပညာနှင့် ပတ်သက်၍ (အထူးသဖြင့် အချက်အလက် လုံခြုံရေး) အခြေခံအသိပညာအားနည်းသောအခါ ပြည်တွင်းပြည်ပ ဝိသမလောဘသားတို့၏ လက်တွင်းသို့ မိမိတို့၏ အနာဂတ်ကို ထည့်ပေးသလိုဖြစ်သွားနိုင်သည်ကို သတိပြုသင့်ပေသည်။ ပြန်လည်ရုပ်သိမ်း၍ တောင်းဆို၍ မရနိုင်သောကိစ္စမျိုးဖြစ်သည်။ ကျွမ်းကျင်သူ ပညာရှင်များကလည်း နိုင်ငံသားတို့၏ အချက်အလက်များ အလွဲသုံးစားပြုခြင်းမခံရလေအောင် ကူညီစောင့်ရှောက်ခြင်း အသိပညာပေးခြင်းတို့ကို လုပ်ဆောင်သင့်ပေသည်။ ဆူလွယ်နပ်လွယ်ပြီး အရာရာအဆင်သင့်ရနိုင်သောစနစ်မျိုးတို့၏ နောက်ကွယ်တွင် လုံခြုံရေးကျိုးပေါက်မှုတို့သည် နောက်မှတွဲဆက်လိုက်လျက်ရှိပေသည်။  

အချက်အလက် (Data) များ မည်သို့အရေးကြီးသနည်း

ယနေ့ခေတ်အခါတွင် မည်သည့်အချက်အလက်မဆို ငွေအဖြစ်သို့ ပြောင်းလဲနိုင်နေပြီဖြစ်သည်ကို လူအများ သတိမမူမိကြပေ။ နည်းပညာ၏ စွမ်းပကားက အတိုင်းအဆမဲ့ ဟု ထင်ရလောက်သော ပမာဏရှိသည့် အချက်အလက်များကို ကျစ်လျစ်စွာ သိမ်းဆည်းထားနိုင်နေပြီဖြစ်သည်။ ထိုအချက်အလက်များကို လိုအပ်ချက်ရှိသူများထံ ပြန်လည်ရောင်းစားသော စျေးကွက်သည် တရားဝင်/တရားမဝင် နည်းလမ်းများဖြင့် အလုပ်ဖြစ်လျက်ရှိကြသည်။ အများပြည်သူအသုံးပြုသည့် Facebook အစရှိသော Social media များ၊ Google ကဲ့သို့သော Search engine များသည် အသုံးပြုသူ user များ၏ အချက်အလက်များကို ရယူ-သိမ်းဆည်း-ပြန်လည်သုံးသပ်ကာ အသုံးချလျက်ရှိသည်။ အဆိုပါ platform များကို အသုံးပြုသည်နှင့် ကျွန်တော်တို့ အများစု အဆုံးထိ ဖတ်လေ့မရှိပဲ “သဘောတူပါသည်” (Agree) လုပ်လိုက်ကြသည့် သဘောတူညီချက်တွင် ကျွန်တော်တို့ထံမှ အချက်အလက်များကို တစ်ဦးချင်းနာမည်မဖော်ပြဘဲ ပြန်လည်အသုံးပြုခွင့် ပြုရန် ပါဝင်သည်။ အကြောင်းပြချက်တစ်ခုမှာ ကျွန်တော်တို့၏ အသုံးပြုမှုကို ပိုမိုထိရောက်လာစေရန်အတွက် ဟု ပါရှိသည်။ အသုံးပြုသူ တစ်ဦးချင်း၏ စိတ်ဝင်စားမှုပေါ်မူတည်၍ ထိုသူကို သူကြိုက်နှစ်သက်ရာ ကဏ္ဍများကို ပိုမိုမြင်တွေ့စေရန် ပြုလုပ်ခြင်းမျိုးဖြစ်သည်။ စမတ်ဖုန်းများ (Smart phones) အသုံးများလာပြီး sensor အမျိုးမျိုးတပ်ဆင်လာကြသည့်အတွက် အသုံးပြုသူ၏ ကိုင်တွယ်သည့်ပုံစံများ၊ စာရိုက်မှု၊ အသံဖြင့်အသုံးပြုမှု၊ အင်တာနက်ရှာဖွေသည့် အပြုအမူများ၊ မကြာခဏ ပြုလုပ်/ကြည့်ရှုလေ့ရှိသည့် အကြောင်းအရာများ၊ အိပ်ပုံအိပ်နည်းကအစ အလုံးစုံသော အချက်အလက်များကို အသုံးပြုသူများအတွက် သီးသန့်အထောက်အပံ့ပေးရန် ဟူသော အကြောင်းပြချက်များဖြင့် ရယူထားကြသည်။ သာမာန်လူတစ်ဦး နောက်တစ်ချိန်တွင် မည်သို့အရေးပါသူ ဖြစ်လာမည်ကို မသိနိုင်သည်ဖြစ်ရာ သုံးစွဲသူ user များ အသုံးပြုသည့် data များကို စုစည်းထားရသည်မှာ ယင်းလုပ်ငန်းလုပ်ကိုင်သူများအတွက် ထူးခြား၍ အားစိုက်ထုတ်စရာ လိုအပ်သော အလုပ်မဟုတ်သည့်အတွက် စုဆောင်းထားခြင်းဖြစ်သည်။ ကျွန်တော်တို့၏ အယူအဆမှ “ငါ့မှာ ဘာ bank account မှ online ချိတ်ထားတာမရှိဘူး” “လိုချင်တာယူပစေ” စသဖြင့်ဖြစ်သည်။ User များထံမှ ရယူသည့် အချက်အလက်များသည် သဒ္ဓါရက်ရောစွာ ပေးနိုင်သော အချက်အလက်များလေသည်။ သို့သော် ဥပမာတစ်ခုကို တင်ပြလိုပါသည် – အမေရိကန်အခြေစိုက် အချက်အလက်စုဆောင်းရေး လုပ်ငန်းကြီးတစ်ခုမှ ကမ္ဘာအဝှမ်း ဆရာဝန်များ၏ အချက်အလက်များကို စုဆောင်းခဲ့သည်။ ထိုစဥ်က အင်တာနက်ချိတ်ဆက်မှုမကောင်းသေးသောနိုင်ငံများတွင်ပင် ဆရာဝန်တစ်ဦး၏ အားလပ်ချိန်ဘာသောက်တတ်သလဲ၊ ဘာကို ကြိုက်တတ်သလဲ၊ ဘယ်လို သွားလာမှုရှိသလဲ စသဖြင့် အချက်အလက်များကို ငွေပေး၍ပင် ဝယ်ယူမှုများ ရှိခဲ့သည်။ ဆရာဝန်ကြီးများမှမဟုတ် ဆရာဝန်ပေါက်စများကိုလည်း လိုက်သည် – တချိန်မှာ အနှီဆရာဝန်ပေါက်စ ဘာဖြစ်လာနိုင်မလဲ မည်သူမျှမသိ၊ အရေးပါသူတစ်ဦးဖြစ်လာလျှင် သူတို့စုထားသော အချက်အလက်များ အလိုလိုစျေးတက်သွားမည်။ အမှားလုပ်ဖူးသော ဆရာဝန်သာဆိုလျှင် တစ်နေ့ ထိုဆရာဝန်အရေးပါလာလျှင် ပို၍ တန်ဖိုးရှိသည်။ အဆိုပါ သတင်းများ၏ စျေးကွက်သည် တကယ်တမ်းကျတော့ မှောင်ခိုစျေးကွက်ဖြစ်သည်။ အဆိုပါလုပ်ငန်းမှာ အင်အားကြီးသော်လည်း ကျော်ကြားမှုကို ရှောင်၍ အလုပ်လုပ်ခဲ့သည်။ တရားဝင်သဘောရောင်းချသည့် စျေးကွက်ခန့်မှန်းချက်စာအုပ်များပင် တစ်နှစ်စာ ခန့်မှန်းချက် စာအုပ်တစ်အုပ်လျှင် အနိမ့်ဆုံး ဒေါ်လာ ထောင်ဂဏန်း ရှိသည်။ Electronic version မထားကြပေ။ မြောက်များစွာသောအချက်အလက်များကို အသုံးခြချင်း Artificial Intelligence နည်းပညာ နယ်ပယ်သည် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသည်။ အင်တာနက်အတွင်း ဆက်သွယ်ချက်များကို ရယူကာ လူတစ်ဦး၏ စဥ်းစားဉာဏ်ဖြင့် သုံးသပ်လေ့လာသကဲ့သို့ ခွဲခြားနိုင်သော အလိုလျောက် ပရိုဂရမ်များသည် ပျံ့နှံ့ကာ အချက်အလက်များ စိစစ်ရယူခြင်း (data collection) နှင့် သိမ်းဆည်းရမည့်အချက်အလက်များကို သက်ဆိုင်ရာ ဆာဗာ (server) များဆီသို့ ပို့ဆောင်ကာ သိမ်းဆည်းလျက်ရှိသည်။ အချက်အလက်သိမ်းဆည်းမှုနည်းပညာ (data compression & storage technology) သည်လည်း များစွာတိုးတက်ခဲ့ပြီးဖြစ်ရာ ရယူထားသော အချက်အလက်များကို အကန့်အသက်မရှိသည့်နီးပါး သိမ်းဆည်းထားနိုင်စွမ်းရှိနေသည်။ သိမ်းဆည်းထားသော အချက်အလက်များမှ အသေးစိတ်အချက်အလက်များကိုသော်လည်းကောင်း၊ အနှစ်ချုပ် အချက်အလက်များကိုသော်လည်းကောင်း၊ သုံးသပ်လေ့လာချက်များကိုသော်လည်းကောင်း ဈေးကွက်ရှာဖွေရေးလုပ်ငန်းများသို့ ပုံစံအမျိုးမျိုးဖြင့်ရောင်းချကာ စီးပွားရှာဖွေကြသည်ကတမျိုး၊ နိုင်ငံရေး၊ လူမျိုးရေး အကျိုးအမြတ်ထုတ်သည်ကတစ်ဖုံ ကျူးလွန်လျက်ရှိကြရာ လက်သည်ပေါ်သည်လည်း နည်းလှသောကြောင့် လုံလောက်စွာ ထိန်းချုပ်နိုင်စွမ်း မရှိသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် ကွန်ပျူတာများ၏ Operating System ကို Microsoft ၏ Windows Operating System ကို အသုံးပြုကြသည်က များသော်လည်း အများစုသည် License version မဟုတ်ပေ။ License activation warning ကို ကျော်လွှားရန် Crack လုပ်ကြသည်။ စက်ဖွင့်ထားသရွေ့ Crack လုပ်သော Program သည် နောက်ကွယ်တွင် အလုပ်လုပ်နေသည်။ ယခုအများစု အသုံးပြုလျက်ရှိသော Windows 10 များတွက် Crack ပြုလုပ်သော Program ၏ script ကို ဖွင့်ကြည့်ပါက တရုတ်အပါအဝင် နိုင်ငံအချို့ဆီသို့ connection အမြဲပြုလုပ်ရန် ရေးသားထားသည်ကို တွေ့နိုင်သည်။ အများသုံး စာကြည့်တိုက်ကဲ့သို့နေရာများတွင် ကွန်ပျူတာများ မလိုအပ်ပဲ နှေးနေရခြင်းမှာ Browser များ က Redirect ပြုလုပ်နေသောကြောင့်ဖြစ်သည်။ အများဆုံး Redirected destination များမှာ ရုရှ၊ ကဇစ္စတန်၊ တရုတ် အစရှိသော နေရာများမှ server များဆီသို့ဖြစ်သည်။ သုံးစွဲသူ (User) များ သိသည်မှာ Connection မကောင်းဘူး ဆိုတာပဲဖြစ်သည်။ မိမိ၏ အားနည်းချက်က ဒီပြဿနာကို ဖြစ်စေသည်ဆိုတာကို သတိမမူမိကြပေ။ အခြားအကြောင်းတစ်ခုမှာ Software များကို ငွေမပေးဘဲ ခိုးသုံးနေ၍ မိမိအချက်အလက်များလည်း ပြန်လည်ခိုးယူခံနေရခြင်းသာဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ၏ IP address များကို စစ်ကြည့်လျှင် အစပြုစ လုပ်ငန်းများမှလွဲ၍ ကျန် IP address များသည် Blacklisted ဖြစ်နေသည်ကို တွေ့ရပေသည်။ အဓိက အကြောင်းမှာ နိုင်ငံသားအများစုက Software များကို တရားမဝင်အသုံးပြုနိုင်ရန် crack program များ အသုံးပြုထားခြင်းကြောင့် အဆိုပါ program များမှ ယင်းတို့၏ မူလ server များဆီသို့ အချက်အလက်များ အမြဲပေးပို့နေသဖြင့် အင်တာနက်လုံခြုံရေးဆိုင်ရာ Program များမှ Blacklist စာရင်းသို့ ထည့်ထားခြင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် ပြည်တွင်း eMail system များမှ ထွက်သွားသော email များသည် တဖက် email system များ၏ (သံသယရှိ၍ Inbox မှ ဖယ်ထားသော) Spam folder များအတွင်းသို့ ရောက်ရှိသွားခြင်းပင်။ ထိုပြဿနာကို ဖြေရှင်းရန်မှာ Software များကို ခိုးမသုံးရန်နှင့် Browser များကို မှန်မှန် update လုပ်စေကာ မိမိ၏ click တိုင်း၊ touch တိုင်းကို သတိရှိဖို့ပင်ဖြစ်သည်။ ကျွန်တော်တို့ user level အသုံးပြုရန် တရားဝင် အခမဲ့ အသုံးပြုခွင့်ပေးထားသည့် Operating System, Software များစွာရှိနေပြီဖြစ်သည်။ မြန်မာစာစနစ်ကိုလည်း အသုံးပြုနိုင်နေပြီဖြစ်သည်။ အများစုမှာ မြန်မာအပါအဝင် ကမ္ဘာအဝှမ်းမှ ပညာရှင်များ ပရဟိတစိတ်ဓါတ်ဖြင့် စုစည်းရေးသားထားကြခြင်းဖြစ်သည်။ အသုံးပြုသူများမှ လှူဒါန်းလိုပါကလည်း လှူဒါန်းနိုင်သည်။ ပြည်တွင်းပညာရှင်အချို့ကလည်း ဤနည်းလမ်းများကို ရှင်းလင်းပြသရေးသားပေးလျက်ရှိကြသည်။ နိုင်ငံတော်အဆင့်မှ လမ်းပြပေးနိုင်မည်ဆိုလျှင်တော့ အတိုင်းထက်အလွန်ပင်။ ငွေပေး၍ သုံးရသော Operating System များ Software များမှာ စီးပွားရေးတောင့်တင်းလာပါက သုံးရန်သင့်တော်သော်လည်း လက်ရှိအနေအထားတွင် နိုင်ငံ့ဘဏ္ဍာကို အဖက်ဖက်မှ အကျိုးရှိအောင် စိစစ်သုံးစွဲရမည်ဖြစ်ရာ အုံနှင့်ကျင်းနှင့်အသုံးပြုရန် မသင့်တော်သေးပေ။ ထို System များ၏ ဆွဲဆောင်မှုမှာ သက်သောင့်သက်သာရှိမှု (Convenience) ဖြစ်သည်။ သို့သော် Convenience သည် Security နှင့် ပြောင်းပြန်အချိုးကျ ဆက်စပ်နေသည်ကတော့ နိယာမပင်၊ ယခုအချိန်ထိ ရှောင်လွဲနိုင်ရန် နည်းလမ်းမရှိသေးပေ။ မဖြစ်မနေသုံးရမည့်ကွန်ပျူတာများမှအပ အခြားသာမာန်ရုံးသုံးကွန်ပျူတာများကို ငွေကုန်ကြေးကျသက်သာပြီး လိုအပ်သည့်လုပ်ဆောင်ချက်ရနိုင်မည့် စနစ်မျိုးကိုသာ အသုံးပြုသင့်ပါသည်။ နိုင်ငံတွင်း အများသုံး အဖွဲ့အစည်းသုံး အဖြစ် System တစ်ခုအား ရွေးချယ်တော့မည်ဆိုပါက အဆိုပါ အချက်များအား မျက်ခြေမပြတ်သင့်ပေ။ All-in-one ဆိုသည်မှာ စျေးကွက်စကားလုံးသာဖြစ်ပြီး လက်တွေ့တွင် နောက်ဖေးပေါက်သည် အမြဲရှိနေလေ့ရှိသည်။ အဆိုပါ နောက်ဖေးပေါက်မှ ထွက်သွားသော အချက်အလက်များသည် တိုင်းပြည်၏ ရာစုနှစ်တစ်စုစာမကသောအနာဂတ်ကို ကိုယ်ကျိုးရှာသမားများလက်သို့ ရောက်သွားစေနိုင်သည်။ တစ်ယူသန်သမားများ၏ အန္တရာယ်ကိုလည်း သတိမူရမည်။ နိုင်ငံတကာအင်အားကြီး ကုမ္ပဏီကြီးများ၏ ပြည်တွင်းကုမ္ပဏီများအပေါ် လွှမ်းမိုးမှုကလည်း ရှောင်လွှဲ၍ မရနိုင်သော ရင်ဆိုင်မှုတစ်ခုဖြစ်ပြီး ထိုအချက်ကပင် တိုင်းပြည်အတွင်း နည်းနည်းနှင့် ကျဲကျဲ အကျိုးရှိအောင် လုပ်ဆောင်နိုင်သည့် နည်းလမ်းများ အများပြည်သူရှေ့ရောက်မလာရခြင်းအကြောင်းရင်း တစ်ခုဖြစ်နေသည်။ ပြည်သူ့ဘဏ္ဍာသုံးရသည့်နယ်ပယ်များတွင် ယင်းအချက်၏သက်ရောက်မှုသည် များစွာသော ပြုန်းတီးမှု ဖြစ်စေသည်ကို အလွှာအသီးသီးမှ သတိပြုမိရန်လိုပေသည်။ အနှစ်သာရကို မြင်အောင်ကြည့်နိုင်ကြပါမှ လှမ်းသောခြေလှမ်းများ ခရီးရောက်ပေလိမ့်မည်။