ဆေးပညာသင်ကြားရေး အဆက်မပြတ်စေရေး ပါမောက္ခချုပ် နှင့် ကျောင်းသူကျောင်းသားများ တွေ့ဆုံခြင်း

26/7/2020

ဆေးတက္ကသိုလ် (၁) ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုး သည် ယနေ့ (၂၆-၇-၂၀၂၀) ရက် (တနင်္ဂနွေနေ့) နံနက် (၉း၀၀) နာရီမှ ညနေ (၄း၀၀) နာရီထိ ဘွဲ့ကြို ကျောင်းသားများအား Zoom Cloud Application ဖြင့် အတန်းအလိုက် Virtual Meeting ပြုလုပ်ကာ ဆေးတက္ကသိုလ် (၁) ၏ ကျောင်းသူကျောင်းသားများအနေဖြင့် Online တက်ရောက်နိုင်မှုအခြေအနေကို စမ်းသပ်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါမောက္ခချုပ်မှ COVID19 ကပ်ရောဂါ ကျရောက်နေစဉ်ကာလအတွင်း သင်ကြားမှုရပ်ဆိုင်းပါက အသိပညာ အတတ်ပညာ နယ်ပယ်အသီးသီးတွင် ဘွဲ့ရပညာတတ်များ မွေးထုတ်မှု နှစ်အလိုက် ရပ်တန့်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအနေအထားအရ ဤကဲ့သို့ ထိခိုက်မှုမျိုးမှာ အလွန်အန္တရာယ်ရှိပြီး တစ်နှစ် နောက်ကျပါက တစ်နှစ်မက ရုန်းကန်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း လူကိုယ်တိုင်မျက်နှာချင်းဆိုင်သင်ကြားသည့် သင်ကြားမှုပုံစံ (Face-to-face training) များကိုသာ ယခုနှစ်ကုန်အထိ ရပ်ထားရန်ရည်ရွယ်ပြီး Online သင်ကြားမှုဖြင့် အခက်အခဲကိုကျော်လွှားလျက်ရှိကြောင်း၊ မိမိတို့ ဆေးတက္ကသိုလ် (၁) တွင် ဘွဲ့လွန်သင်တန်းများနှင့် ဘွဲ့ကြို နောက်ဆက်တွဲ သင်တန်းများကို Online နည်းလမ်းများ အသုံးပြုပို့ချခဲ့သည်မှာ ယခုနှစ် မတ်လ နောက်ဆုံးအပတ်ကတည်းကဖြစ်ပြီး အတွေ့အကြုံများလည်း အတန်အသင့် ရရှိလာပြီဖြစ်ကြောင်း၊ e-Learning အတွက် အစပြုခဲ့သည်မှာလည်း နှစ်အနည်းငယ်ကြာကတည်းကဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း သင်ကြားမှုစဉ်ဆက်မပြတ်ရှိရေးအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ ကျောင်းသားကျောင်းသူများအား ခွဲခြားမှုမရှိဘဲ သင်ယူလိုသောဆန္ဒရှိသူအားလုံး ညီမျှသောအခွင့်အရေးဖြင့် သင်ကြားမှုရယူနိုင်ရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်ယူလိုသူ မည်သူ့ကိုမှ ကျန်နေခဲ့ခြင်းမရှိစေရန် အားလုံးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်၍ ကျောင်းသားကျောင်းသူများလည်း တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်ကြစေလိုကြောင်း မှာကြားပါသည်။ ဒုတိယပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာမြင့်မြင့်ငြိမ်းက မိမိအနေဖြင့် ပါမောက္ခချုပ်၏ ဦးဆောင်မှုဖြင့် အစွမ်းကုန် ကြိုးစားဖြည့်ဆည်းလျက်ရှိပြီး ရလာဒ်အချို့ကိုလည်း မြင်ရပြီဖြစ်ကြောင်း၊ တစ်ခုပြီးတစ်ခု ဆက်လက်ကြိုးစားကျော်လွှားသွားကြရမည်ဖြစ်ပြီး လိုအပ်ချက်များရှိပါကလည်း ကြိုတင်တောင်းပန်လိုကြောင်း၊ သင့်လျောသောအကြံဉာဏ်များ၊ ပိုမိုကောင်းမွန်မည့်နည်းလမ်းများကိုလည်း အကြံပြုနိုင်ပါကြောင်း၊ ကျောင်းသားကျောင်းသူများသည် မိမိတို့နှင့်စာလျှင် နည်းပညာနှင့် ပိုမိုရင်းနှီးလွယ်ကြပါကြောင်း၊ အခက်အခဲများကြားက ကြိုးစားရင်း တိုးတက်သွားကြရမည်ဖြစ်ကြောင်း ကျောင်းသားများ၏အခက်အခဲများ စိုးရိပ်မှုများ အတွေးများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြနိုင်ကြောင်း မှာကြားပါသည်။ ထို့နောက် အတန်းတစ်တန်းချင်းအလိုက် သက်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများမှ ရှင်းလင်းဆွေးနွေးကြပြီး ကျောင်းသားများ၏ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်မှုအခြေအနေ၊ စာမေးပွဲကိစ္စရပ်များ၊ နောက်ကျသော နောက်ဆက်တွဲစာမေးပွဲများအတွက် ကျောင်းသားများအား ပြန်လည်သင်ကြားမည်အစီအစဉ် တို့နှင့် စပ်လျဉ်း၍ တင်ပြချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။ ကျောင်းသားသမဂ္ဂမှလည်း ကျောင်းသားအားလုံးနှင့် အဆက်အသွယ်ရရှိရေး၊ ပုံစံပြောင်းသင်ကြားမှု လုပ်ငန်းစဉ်များကို တစ်ဦးမချန် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အဆက်အသွယ်မရရှိသေးသောသူများအား ဆက်လက်ဆက်သွယ်ကြရေးတို့အတွက် ဆွေးနွေးခဲ့ကြပြီး ကျောင်းသားကျောင်းသူများက ကျောင်းသားသမဂ္ဂမှတဆင့် မေးမြန်းဆွေးနွေးချက်များကို သက်ဆိုင်ရာ ဌာနမှူးများအား ထပ်ဆင့်မေးမြန်းကာ စနစ်တကျ သတင်းထုတ်ပြန်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ကြသည်။